အသည်း ကျန်းမာစေဖို့ လေ့ကျင့်ခန်း လုပ်ပေးလို့ရလား
ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ကျန်းမာစေနိုင်တယ်ဆိုတာကိုတော့ ထွေထွေထူးထူး ပြောပြစရာမလိုအောင် အားလုံးလိုလို သိထားပြီး ဖြစ်မှာပါ။ အကြောင်းကတော့ လေ့ကျင့်ခန်း လုပ်တဲ့အခါ ချွေးတွေ ထွက်သွားတာက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားနည်း တစ်မျိုးဖြစ်သလို စိတ်ပိုင်းဆိုင်ရာ တက်ကြွလန်းဆန်းစေဖို့လည်း ထောက်ကူပေးပါတယ်။
လေ့ကျင့်ခန်း လုပ်တာက ခန္ဓာကိုယ်ကို ပေါ့ပါးစေပြီး အင်အားတွေ တိုးစေသလို မှတ်ဉာဏ် ကောင်းစေဖို့၊ ဝိတ်တက်စေဖို့နဲ့ ကြွက်သားနဲ့ အရိုးတွေ သန်မာစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ လေ့ကျင့်ခန်း လုပ်ပေးတာက အသည်းကျန်းမာစေဖို့လည်း အထောက်အကူ ပေးနေပါတယ်။
အသည်း = ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်း
အသည်းက ခန္ဓာကိုယ်မှာ အလုပ်အများဆုံး ဖြစ်သလို အရေးအပါဆုံး ဆိုလည်း မမှားပါဘူး။ အခုနောက်ပိုင်းမှာ လူတိုင်းလိုလိုမှာရှိလာတဲ့ အထိုင်များတဲ့ နေ့စဉ်ဘဝ နေထိုင်မှုပုံစံကြောင့် အသည်းကို များစွာ ထိခိုက်စေပါတယ်။ ဒီတော့ အသည်းကျန်းမာစေဖို့အတွက် ခန္ဓာကိုယ် လှုပ်ရှားမှုတွေကို ပုံမှန် လုပ်ဆောင်ဖို့ လိုအပ်လာပါတယ်။
နေ့စဉ် လှုပ်ရှားမှု လုပ်ပေးတာက ခါးဆိုဒ်ကို တက်မလာအောင် ထိန်းတာ၊ အယ်လ်ကိုဟော ရှောင်တာတွေနည်းတူ အသည်းအတွက် အကျိုးရှိပါတယ်။
အသည်း ကျန်းမာဖို့ လေ့ကျင့်ခန်း လုပ်ပါ
အသည်းကျန်းမာဖို့ လေ့ကျင့်ခန်း လုပ်ပါ။ ဒီလိုပြောရတာက အဝလွန်တာာက အသည်းဆဲလ်တွေမှာ အဆီဆဲလ်တွေ ဖြစ်ပေါ်စေတာဖြစ်ပြီး ဒီလို အဆီတွေ ရှိနေတဲ့ တဝိုက်က တသ်ရှူးတွေကို ထိခိုက်ပျက်စီးစေပါတယ်။ ပိုနေတဲ့ ကိုယ်အလေးချိန်တွေကို ချပစ်တာက အသည်းကို ကျန်းမာစေကပါတယ်။ ဒါကြောင့် ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးတာက အဝလွန်တာကို ကာကွယ်ပေးရာရောက်သလို အသည်းကျန်းမာရေးကိုလည်း ဂရုစိုက်ရာ ကျပါတယ်။
လေ့ကျင့်ခန်း လုပ်တာက သက်လုံကောင်းစေပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေသလို အသည်းမှာ အဆီတွေ မဖြစ်အောင်လည်း ကာကွယ်ပေးတာကြောင့် အသည်းရောဂါတွေကို ကာကွယ်ရာလည်း ရောက်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာက အသည်းအဆီဖုံးတာမျိုး မဖြစ်စေဖို့ ထိထိရောက်ရောက် ကာကွယ်ပေးပါတယ်။ အဝလွန်တဲ့သူတွေအနေနဲ့ တစ်နေ့ကို နာရီဝက်ကနေ ၁ နာရီနှုန်းနဲ့ တစ်ပတ်ကို ၅ ရက် လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးမယ်ဆိုရင် အသည်းအဆီကို ၁၀ ရာခိုင်နှုန်းလောက်အထိ လျှော့ချပေးနိုင်ပါတယ် လို့ လေ့လာမှုအရ သိရပါတယ်။ ၁ လလောက် ကြာပြီးတဲ့နောက်မှာ ကိုယ်အလေးချိန် ပြောင်းလဲမှု မရှိရင်တောင် အသည်းအဆီကို ထိထိရောက်ရောက် လျှော့ချပေးနိုင်ပါတယ်။
ပုံမှန်လူတွေအနေနဲ့ တစ်နေ့ကို မိနစ် ၄၀ နှုန်းနဲ့ တစ်ပတ်ကို ၃ ရက်လောက် လေ့ကျင့်ခန်း လုပ်ဆောင်ပေးတာက အသည်းကျန်းမာရေးကို တော်ဆော်လေး ထောက်ကူပေးနိုင်တယ်လို့ တွေ့ရပါတယ်။ လေ့ကျင့်ခန်း လုပ်တာက အသည်းကို ကျန်းမာစေသလို သွေးတွင်းအဆီကိုလည်း ကျဆင်းစေနိုင်ပါတယ်။
အသည်းကျန်းမာစေဖို့ ဘယ်လိုလေ့ကျင့်ခန်းတွေ လုပ်ပေးရမလဲ?
အသည်းကျန်းမာစေဖို့ ဆိုရင်
- ကတာ
- တင်းနစ်ရိုက်တာ
- စက်ဘီးစီးတာ
- တောင်တက်တာ
- လမ်းလျှောက်တာ
- ခပ်ရွရွ ပြေးတာတွေကို လုပ်ပေးလို့ ရသလို
- ဝိတ်တုံးမတာ
- အလေးမတာတွေလည်း လုပ်ဆောင်ပေးလို့ ရပါတယ်။
အချိန်မရလို့ အများကြီး မလုပ်နိုင်ရင်တောင် တစ်နေ့ကို ၁၅ မိနစ် ကနေ နာရီဝက်လောက် ပုံမှန်လေး လုပ်ပေးနိုင်ရင် အကောင်းဆုံး ရလဒ်ကို ရရှိမှာပါ။
မွန်မွန်